International News

ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ တစ်ခုတည်းသော အွန်လိုင်းပေါ်တယ် (Online portal) တစ်ခုတည်ထောင်သွားရန် အိန္ဒိယအစိုးရရည်ရွယ်

Last Updated:

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးဝါးဆိုင်ရာ ဒစ်ဂျစ်တယ်စီမံအုပ်ချုပ်ရေးစနစ်တစ်ရပ်ပါဝင်သော အွန်လိုင်းပေါ်တယ်(Online portal)တစ်ခုထူထောင်သွားရန် စီစဉ်လျက်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၉ ရက်တွင်ဖော်ပြခဲ့သည်။ အဆိုပါအွန်လိုင်းပေါ်တယ်တွင် ဆေးဝါးထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူနှင့် ဆေးဝါးဝယ်ယူသည့်ဌာနများအပါအဝင် သက်ဆိုင်သော သတင်းအချက်အလက်အသေးစိတ်များကို ထည့်သွင်းတည်ဆောက်သွားမည်ဟုဆိုသည်။

အဆိုပါဒစ်ဂျစ်တယ်စီမံအုပ်ချုပ်ရေးစနစ်တွင် မိုဘိုင်းအသုံးချပရိုဂရမ်(mobile application)၊ သတင်းပေးပို့နိုင်သော ပလက်ဖေါင်းအမျိုးမျိုးမှတစ်ဆင့် အီးမေး သို့မဟုတ် စာတို(SMS)တို့ဖြင့် အသိပေးချက်ပေးပို့ခြင်း၊ အပြန်အလှန်စာရိုက်စကားပြောနိုင်သောစနစ်(chatbots)များနှင့် အိန္ဒိယဗဟိုဆေးဝါးစံချိန်စံညွှန်းများထိန်းချုပ်ရေးအဖွဲ(CDSCO)နှင့် အခြားအစိုးရဌာနဝက်ဘ်ဆိုက်များသို့ ချိတ်ဆက်နိုင်သော ဒက်ရှ်ဘုတ် (dashboard)တို့ပါဝင်သော တစ်နေရာတည်း၌ ဆောင်ရွက်နိုင်သောစနစ်(single window) ဖြစ်မည်ဟု သိရသည်။

အဆိုပါအွန်လိုင်းပေါ်တယ်တွင် CDSCO ၏ လက်ရှိအိုင်တီပေါ်တယ်များဖြစ်ကြသော လိုင်စင်ဌာနခွဲ၏ Sugam အွန်လိုင်းစနစ်၊ ထုတ်လုပ်မှုလိုင်စင်နှင့် ဆေးဝါးဆိုင်ရာပစ္စည်းကိရိယာများတင်သွင်းမှု လိုင်စင်များထုတ်ပေးသောဌာန၏ MD online စနစ်၊ Sugam Labs ခေါ် ဓါတ်ခွဲခန်းသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်၊ ONLDS ခေါ် ပြည်နယ်အာဏာပိုင်များအတွက် အမျိုးသားအွန်လိုင်းဆေးဝါးလိုင်စင်ထုတ်ပေးသောစနစ်နှင့် သွင်းကုန်ရှင်းလင်းရေး ICS စနစ်တို့ကို တစ်ပေါင်းတစ်စည်းတည်းတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါအွန်လိုင်းပလက်ဖေါင်းများကို အချိန်ကာလအတန်ကြာကတည်းက CDSCO က တည်ဆောက်အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် သီးခြားဒိုမိန်းအမည်(domain name)များအောက်တွင်ရှိပြီး၊ အလွယ်တကူရှာဖွေချိတ်ဆက်နိုင်ခြင်းမရှိဘဲ၊ မကြာခဏဆိုသလို အသုံးပြုရာ၌ စွမ်းဆောင်ရည်နှေးကွေးမှုဖြစ်တတ်ကြောင်း သိရသည်။ အဆိုပါစနစ်များသည် အချိန်တော်တော်များများ၌ တစ်ပြိုင်နက်တည်း အသုံးပြုသူအရေအတွက်များပြားလာပါက ကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းနည်းပါးကြသည်ဟုဆိုသည်။ အခြားအစိုးရဌာနများ၏ အချက်အလက်များနှင့် တစ်ပါတည်းထည့်သွင်းတည်ဆောက်ထားသော စစ်ဆေးမှုစနစ်များလည်း မပါဝင်ကြောင်း၊ ထို့ကြောင့် တစ်ခုတည်းသောစီမံအုပ်ချုပ်မှုစနစ်တစ်ရပ်အဖြစ် ပေါင်းစည်းဆောင်ရွက်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက businessline သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုအသစ်ပြုပြင်လွှင့်တင်သွားမည့်စနစ်တွင် ဆေးဝါးထုတ်လုပ်သူများ၊ ဝယ်ယူ/လက်ခံသူများ၊ ဈေးကွက်ရှာဖွေသူများပါဝင်သော အချက် အလက်အစုအဝေး(database)များ၊ ဒေသအလိုက် ဆေးဝါးရောင်းချမှု၊ လတ်တလောအသုံးများသော ဆေးဝါးများအခြေအနေတို့အပါအဝင် စားသုံးမှုပုံသဏ္ဍန်အချက်အလက်အစုအဝေး(database)များ၊ အရည်အသွေးမပြည့်မှီသောဆေးဝါးများ၊ ဆေးဝါးအတုများကို မှတ်တမ်းတင်သိမ်းဆည်းခြင်း၊ စားသုံးသူတိုင်ကြားရေးနှင့် အရေးယူဆောင်ရွက်ရေးစနစ်တို့အပါအဝင် ပြည့်စုံစွာထည့်သွင်းတည်ဆောက်ဖန်တီးသွားမည်ဖြစ်သည်။

အဆိုပါအွန်လိုင်းပေါ်တယ်ကို အိန္ဒိယ အီလက်ထရောနစ်နှင့် အိုင်တီဝန်ကြီးဌာန(MEITY)က အတည်ပြုရွေးချယ်ထားသော ကလောက်ဝန်ဆောင်မှုကုမ္ပဏီ(cloud service provider)၏စနစ်တွင် ထားရှိသွားမည်ဖြစ်ပြီး၊ အိန္ဒိယပြည်တွင်းခွန်ဌာန(PAN)၊ နိုင်ငံသားစိစစ်ရေးဌာန (Aadhar)၊ နိုင်ငံခြားကုန်သွယ်မှုဌာန(DGFT)နှင့် အကောက်ခွန်ဌာနစသည့် ဗဟိုအစိုးရဌာနများနှင့် ပေါင်းစည်းတည်ဆောက်သွားမည်ဖြစ် သည်။

အိန္ဒိယနိုင်ငံသည် မကြာမီကျင်းပပြုလုပ်ရန်ရှိသည့် လွှတ်တော်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်ရာ ဥပဒေကြမ်းတစ်ခုကိုလည်း တင်သွင်းသွားရန်ရှိသည်။ အဆိုပါ ၂၀၂၃ ခုနှစ် ဆေးဝါး၊ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းဥပဒေကြမ်းသည် အစိုးရအဖွဲ့၏အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိပြီး၊ ယခင်ဆေးဝါးဥပဒေဖြစ်သော ၁၉၄၀ ခုနှစ် ဆေးဝါးနှင့်အလှကုန်ပစ္စည်းအက်ဥပဒေအား အစားထိုးသွားမည်ဖြစ်သည်။ အဆိုပါဥပဒေကြမ်းတွင် တိုင်းရင်းဆေးဝါးများထိန်းချုပ်ရေးကိုလည်း ထည့်သွင်းအဆိုပြုသွားမည်ဟု သိရသည်။

သုံးသပ်အကြုံပြုချက်

ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်း၊ တင်သွင်း/တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းသည် ကျန်းမာရေးကဏ္ဍအတွက် များစွာအရေးကြီးသဖြင့် အိန္ဒိယအစိုးရ၏ ယခုခြေလှမ်းသည် လွန်စွာအတုယူဖွယ်ဖြစ်ပါသည်။ ယခင်ရှိနှင့်ပြီးသော ပြန့်ကျဲလျက်ရှိသည့် အွန်လိုင်းစနစ်များစွာကို တစ်ပေါင်းတစ်စည်းတည်းပြုလုပ်ကာ တစ်ခုတည်းသောစနစ်(Single Window)ပြုလုပ်ခြင်းသည် အသုံးပြုသူများအတွက် အချိန်ကုန်သက်သာခြင်း၊ အပေးအယူစရိတ်များလျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိပြီး၊ စီမံအုပ်ချုပ်သူများဖက်တွင်လည်း အလားတူအကျိုးကျေးဇူးများအပြင် စောင့်ကြည့်ထိန်းချုပ်ရန်နှင့် သုတေသနပြုလုပ်ရန် လွယ်ကူခြင်း၊ အစီရင်ခံစာများထုတ်ယူရန် အချိန်တိုတောင်းခြင်းစသည့်အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။

သို့သော် တစ်ဖက်တွင် ကုန်ကျစရိတ်များပြားခြင်း၊ အစိုးရဌာနများအချင်းအချင်းအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုခြင်း၊ သတင်းအချက်အလက်လုံခြုံရေးစနစ်ကောင်းမွန်ရန် လိုအပ်ခြင်း၊ ခိုင်မာသောဥပဒေနှင့် နည်းဥပဒေများရှိရန်လိုအပ်ခြင်း စသည့်လိုအပ်ချက်နှင့် အားနည်းချက်များရှိနေပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့်လည်း အလားတူအွန်လိုင်းစနစ်တစ်ရပ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မည်ဆိုပါက အစိုးနှင့်ပြည်သူနှစ်ရပ်စလုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း

The Hindu Businessline ၊ “Govt moots single regulatory portal for drugs”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                     

                                                                                             

 

 

Category: International News